တောင်ငူ၌ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ငူ ဇွန် ၁၆

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။

ဟောပြောပွဲတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအားအသိပညာပေးဟောပြောပြီး  ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူ အကာအကွယ်ပေးရေးအတွက် ပြဌာန်းထားသည့် ဥပဒေဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ် ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ် တားဆီးကာကွယ်၊ လူကုန်ကူးခြင်းခံရမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေးနံရံကပ် စာစောင်များကို တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးက ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည့် ရုပ်ပုံပါစာအုပ်များဖြင့် ပုံပြင်ပြောခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်