ပေါင်းတည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးများ၏ ဉာဏ်ရည်၊ ဉာဏ်သွေး အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စုပေါင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်တတ်စေရန်၊ စာပေဖတ်ရှုလိုစိတ် မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည် ၂ နာရီ က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ သရက်တောဘုန်းတော်ကြီးသင်ကျောင်းမှ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူ (၈) ဦးနှင့် စကားပုံဆက်ပြိုင်ပွဲတွင် (၁၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပေါင်းတည်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေမည့် သင်တန်းများနှင့် ပြပွဲ ပြိုင်ပွဲများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးဆင့်(ပြန် /ဆက်)