ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု(GBV) အသိပညာပေးဟောပြောပွဲ ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၂ အခြခံပညာ အထက်တန်းကျောင်း ပညာရွှေရည်ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျား/မရေးရာ(Gender)နှင့် ကျား/မရေးရာအခြေပြု အကြမ်းဖက်မှု (GBV)အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

အခမ်းအနားသို့ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်မှ ကျား/မဆက်ဆံရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဓမ္မဆက်ဆံခြင်း ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ကျောင်းသား/သူများအနေဖြင့် ဖုန်းသုံးစွဲခြင်းနှင့်ပါတ်သက်၍ မလိုလားအပ်သော ပြဿနာများနှင့် ပြစ်မှုနှင့်ပြစ်ဒါဏ်များ အကြောင်းကို လည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သဝါးမှ အကြမ်းဖက်ခြင်း အမျိုးအစား ငါးမျိုးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ရဲအုပ်ဒေါ်နွယ်နွယ်ယဉ်မှ ကျောင်းသားလူငယ်များနှင့် ပတ်သက်ဆက်နွယ်နေသည့် ယာဉ်စည်းကမ်းလိုက်နာရေး၊ လူကုန်ကူးကိစ္စရပ်များနှင့် ပတ်သက်သည့် အကြောင်းကိစ္စရပ်များကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး တိုင်းပညာရေးမှူး(ပညာ)မှ ဒေါက်တာချစ်ကိုက လာရောက်ဟောပြော ဆွေးနွေးပေးသည့် ဌာနဆိုင်ရာများကို ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်