တောင်ငူ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ကျောင်းအခြေပြု အခြေခံ/ အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများ အိမ်ထောင်ထိန်းသိမ်းမှု ပညာရပ်များကို တတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင် ရရှိစေရန်၊ အမျိုးသမီးများ အမှီအခိုကင်းစွာဖြင့် မိမိဘဝမိမိရပ်တည်နိုင်စေရန်၊ တစ်ဖက် တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိလာစေရန်နှင့် အိမ်ထောင်ရေး သာယာစိုပြေစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တစ်နိုင်ငံလုံးတွင် ကျောင်း(၁၁)ကျောင်း ဖွင့်လှစ်ထားကြောင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ကျောင်း(၁)ကျောင်း ဖွင့်လှစ်ပေးထားတဲ့အတွက် တောင်ငူမြို့နှင့်အနီး ပတ်ဝန်းကျင်ရှိမြို့နယ်၊ ရပ်ကွက်များမှ အမျိုးသမီးများအနေဖြင့် အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းပညာရပ်များကို သက်သာသော သင်တန်းကြေး၊ သင်ထောက်ကူပစ္စည်း ပြည့်စုံစွာနဲ့ သင်ယူနိုင်တဲ့ အခွင့်အလမ်း ရရှိခံစားရမှာဖြစ်ကြောင်း၊ သင်တန်းကျောင်းသို့ လာရောက်သင်ကြားရန် ဝေးလံသောဒေသများနဲ့ သင်တန်းကျောင်း မရှိသော ဒေသများသို့လည်း ကွင်းဆင်းပြီး ကျောင်းပြင်ပ ရပ်ရွာအခြေပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အိမ်တွင်းမှုသက်မွေး ကျောင်းပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပြီး အကျိုးရှိရှိ အသုံးချနိုင်ပါက အတန်းပညာနည်းသူများ အတွက် မိမိဘဝကိုအများနည်းတူ ရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်လိုသူများကိုလည်း သတင်းစကားပါးစေလိုကြောင်း၊ သင်တန်းက သင်ကြားပေးသည့် ဘာသာရပ်များကို လက်တွေ့နယ်ပယ်မှာ နေ့စဉ်နှင့်အမျှ အသုံးဝင်တဲ့ ပညာရပ်တွေဖြစ်တဲ့အတွက် သင်တန်းသားများအနေဖြင့် ကြိုးစားအားထုတ် သင်ယူကြပါရန်နှင့် တတ်မြောက်ထားသည့် စက်ချုပ်ပညာရပ်များနဲ့ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ချုပ်လုပ်ရုံ သာမက တစ်ပိုင်တစ်နိုင် စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေ ရရှိသည်အထိ လုပ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားပြီး သင်တန်း၌ ထူးချွန်ဆုရရှိသည့် ကျောင်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ခေတ္တဥက္ကဋ္ဌ ဒေါ်အေးအေးမော်တို့က ကျောင်းအခြေပြု အခြေခံ/ အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၁/၂၀၂၂ သင်တန်း တက်ရောက်သည့် သင်တန်းသား (၄၀) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က စက်ချုပ်ထားရှိသည့် သင်တန်းသူများ၏ အင်္ကျီဒီဇိုင်း လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်