ရေတာရှည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်းအား ထယ်ထိုးမြေမြှုပ်ထည့်သွင်းပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ဝါးရုံတောကျေးရွာအုပ်စု၊ မျက်နှာပြင်ကျေးရွာရှိ တောင်သူ ဦးအုန်းမြင့်၏ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဦးနေလင်းဇော်က သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အား မြေသားတည်ဆောက်မှု တိုးတက်ကောင်းမွန်စေရန်၊ မြေတွင်းအာဟာရဓာတ်များကြွယ်ဝစေရန်၊ ဓာတ်မြေဩဇာများရေရှည်အသုံးပြုခြင်းကြောင့် မြေဆီလွှာတွင်း သဘာဝမြေဆွေးဆုံးရှုံးခြင်း၊ မြေချဉ်ငန်ကိန်းများ ပြောင်းလဲလာခြင်းနှင့် အကျိုးပြုအဏုဇီဝများနည်းခြင်းကြောင့် သီးနှံအထွက်လျော့ကျခြင်းကို အလွယ်ဆုံးနှင့်အသက်သာဆုံးဖြေရှင်းနိုင်ရန်၊ တောင်သူများလက်ရှိကြုံတွေ့နေရသော ဓာတ်မြေဩဇာရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်သာမက ပဲမျိုးရင်းဝင်အပင်များကိုလည်း စိုက်ပျိုးအသုံးပြုနိုင်ပြီး ပန်းပွင့်ချိန်(အစေ့အသီးမတည်မီ) ထယ်ထိုးမြေမြှုပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ၌ သစ်စိမ်းမြေဩဇာအဖြစ် ပိုက်ဆံလျှော်စိုက်ဧက(၃၅၇) ဧကစိုက်ပျိုးထားရှိကြောင်းနှင့် အခမ်းအနားကျင်းပရာ မျက်နှာပြင်ကျေးရွာရှိ တောင်သူဦးအုန်းမြင့်၏ လယ်ယာမြေတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေးအတွက် စိုက်ပျိုးထားရှိသော ပိုက်ဆံလျှော်စိုက်ခင်းအား မေလပထမပတ်တွင် ကြဲပက်စိုက်ပျိုးပြီး သက်တမ်း(၄၅)ရက်သားတွင် ထယ်ထိုးမြေမြှုပ်နှံခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများမှတောင်သူများ တက်ရောက်ခဲ့ကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည် (ပြန်/ဆက်)