ကန့်ဘလူ ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများတွင် ဒေသခံပြည်သူများကို အကျိုးပြုနိုင်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီက တောက္ကရှပ်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် တောက္ကရှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က မိမိတို့မြို့နယ်အတွင်း ဒေသနယ်မြေအေးချမ်း တည်ငြိမ်သည့် ရပ်ကွက်၊ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုလိုကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့ ဒေသလိုအပ်ချက်များကိုလည်း တင်ပြဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ဒေသခံပြည်သူများက မိမိတို့ကျေးရွာလိုအပ်ချက်နှင့် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့သည် တောက္ကရှပ်ကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၃၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၈၃၂ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ကြီး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)