ပလောက် ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးရာသီကာလအတွင်း မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေဝပ်တင်ကျန်မှုမရှိစေရေးအတွက် ကျောက်စီရေနှုတ်မြောင်းတူးဖော်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘုရာကြီးလမ်းသည်မြေနိမ့်ပိုင်းဖြစ်သောကြောင့် မိုးရာသီကာလအတွင်း ရေကြီးရေလျှံခြင်း၊ ရေဝပ်တင်ကျန်ခြင်းများမရှိစေရန်နှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ ရာသီအချိန်မရွေးသွားလာရ လွယ်ကူစေရန်အတွက် လမ်းဘေးကျောက်စီရေနှုတ်မြောင်း အရှည် ၁၅၃၁ ပေ၊ ၂ပေအကျယ်၊ ၂ ပေအနက်ကို တိုင်းဒေသကြီးရန်ပုံငွေကိုအသုံးပြု၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့ မြို့ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပလောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ မြို့စည်ပင်သာယာရေးအဖွဲ့ မြို့ဦးစီးမှူး ဦးသွင်စည်သူကျော်ထွေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဦးစီးဌာန မြို့တာဝန်ခံ ဦးစံရ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ မြို့ဖများ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပလောက်)