စုကလိ ဇွန် ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့သည် ဒေသတွင်းစိုက်ပျိုးရေး တစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိကြသည်။ ရေခံမြေခံအခြေခံကောင်းသောမြို့ဖြစ်သောကြောင့် တောင်ယာစိုက်ပျိုးခြင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်း၊တောင်ယာ ငရုပ်သီးစိုက်ပျိုးခြင်းများသည် စီးပွားရေး အဆင်ပြေသဖြင့် မြို့နေတောင်သူများမှ သုံးရာသီကာလပတ်လုံး စိုက်ပျိုးလျက်ရှိကြသည်။
ဝဥသည် နှစ်ရှည်သီးနှံစိုက်ပျိုးရသည့်အမျိုးဖြစ်ပြီး ယခုအခါ အိမ်ခြံမြေဝင်းအတွင်းတွင် နေရာပေး၍ စိုက်ပျိုးခြင်း ဘိလပ်မြေအိတ်ခွံ အဟောင်းများနှင့်စနစ် တကျ ထည့်သွင်းစိုက်ပျိုး လာကြခြင်းတို့ရှိကြပြီး စိုက်ပျိုးချိန်ကာလ(၁)နှစ်မှ (၃)နှစ်အထိ စိုက်ပျိုးရပြီး နှစ်ကာလကြာရှည်လေ ဝဥအထွက်နှုန်းကောင်းမွန်လေဖြစ်သဖြင့် မြေဆီမြေသြဇာ ကောင်းမွန်သည့် မည်သည့်နေရာဒေသတွင်းမဆို စိုက်ပျိုးနိုင်သည်။ ဝဥစိုက်တောင်သူများအနေဖြင့် စိုက်ပျိုး မြေတစ်ဧကလျှင် အပင်ရေပေါင်း ၂ သောင်းအထိ စိုက်ပျိုးနည်းစနစ် ၂ပေ ၁ပေ အကွာ အဝေးစနစ်ဖြင့် အပင်အားအတန်းလိုက်စိုက်ပျိုးနိုင်ပြီး ထွက်ရှိနှုန်းမှာလည်း အပင်တစ်ပင်လျှင် ဥအမျိုးအစားတစ်လုံးအရေအတွက်ရရှိပြီး အမြတ်ငွေမှာလည်း မြန်မာငွေကျပ် သိန်း ၃၀ အထိ ရရှိနိုင်ပြီး ယခုနှစ်တွင် ယခင်နှစ် ပေါက်စျေး တစ်ကီလိုမြန်မာကျပ်ငွေ ၁၅၀၀မှ ၂၀၀၀ကျပ်အထိ ရရှိနိုင်ရန်မျှော်လင့်ထားကြောင်း စုကလိမြို့မှ ဝဥစိုက်တောင်သူတစ်ဦဖြစ်သည့် ဦးစောကျေးထူးထံမှ သိရသည်။
နှစ်ရှည်စိုက်ပျိုးထားနိုင်ပြီးနောက် ဝဥရွက်သီးအား မျိုးအဖြစ်ပြန်လည်ရောင်းချနိုင်ပြီး တစ်ကီလိုလျှင် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျော်အထိရရှိနိုင်သောကြောင့်၊ အဖက်ဖက်မှဝင်ငွေတိုးစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပိုပိုအောင်(စုကလိပြန်/ဆက်)