ဘားအံ ဇွန် ၁၆
ကရင်ပြည်နယ်တွင် မိုးစပါးဧက ၄၃၀၁၇၆ (လေးသိန်းသုံးသောင်းကျော်)စိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ အကျိုးဆောင်တောင်သူများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပသော မိုးစပါးဧက(၁၀၀)တွင် အထွက်နှုန်း တင်း(၁၀၀) နှင့် အထက်ထွက်ရှိရေး စံပြကွက်ဆောင်ရွက်မည့်တောင်သူများအား ဆင်းသုခ(RS)မျိုးစပါး ထောက်ပံ့ပေးအပ်သည့်အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မျိုးကောင်းမျိုးသန့် ပြောင်းလဲအသုံးပြုနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး၊ ပျိုးသက်နုချိန်တွင်စိုက်ပျိုးနိုင်ရေး၊ တစ်ဧကကောက်ကွက် ပြည့်မီရေး၊ သွင်းအားစုများအား အချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ ပေါင်းမြက်နှင့်ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး၊ ရေသွင်းရေထုတ်စနစ်မှန်ကန်ရေး၊ မောင်းညိုချိန်တွင် တလင်းပျောက်စနစ်ဖြင့်ရိတ်သိမ်းပြီး ရိတ်သိမ်းချိန်လွန်နည်းပညာများ လိုက်နာကျင့်သုံးရေး စသည့် တစ်ဧကတင်း (၁၀၀)ကျော်ထွက်ရှိရေးနည်းလမ်းများကို ဆွေးနွေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တစ်ဧကတင်း (၁၀၀)နှင့်အထက် ထွက်ရှိရေးစံပြကွက်ဆောင်ရွက်မည့် ဘားကပ်၊ တောကြီးကုန်း၊ ရေတွင်းကုန်းကျေးရွာများမှ တောင်သူ(၃၂)ဦးအား ဆင်းသုခ(RS)မျိုးစပါးတင်း(၁၀၀)ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၀၀၉-ခ ဘားကပ်အနောက်ကွင်းတွင် တစ်ဧကတင်း(၁၀၀)နှင့်အထက်ထွက်ရှိရေး တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)စံပြ ကွက်၌ စုပေါင်းထွန်ယက်ခြင်း နှင့်စုပေါင်းမျိုးစေ့ချခြင်း ကွင်းသရုပ်ပြပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာသောပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအား အပင်ပေါက်ကောင်းမွန်ရေးနှင့်ပိုးမွှားဒဏ်ကာကွယ်နိုင်ရေး မျိုးစေ့ဆားရေစိမ်ခြင်းအားသရုပ်ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းထွန်ယက်ခြင်းနှင့်စုပေါင်းမျိုးစေ့ချခြင်းကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)