ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဇွန် ၁၆

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းက ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကိုလည်းကောင်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ညိုက ဒိုင်အဖွဲ့အားလည်းကောင်းဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗိုလ်လုပွဲနေ့အကောင်းဆုံး အားကစားသမားဆု၊ တတိယဆုရရှိသော ဖာပွန်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော လှိုင်းဘွဲမြို့နယ်အသင်းနှင့် ပထမဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးအားကစား ဆုများနှင့် တတိယ၊ ဒုတိယရရှိသောအသင်းများအား ငွေသားဆုများပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲ သွားသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)