ပေါက်ခေါင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပေါက်တောကျေးရွာနှင့် စမ်းမကြီးကျေးရွာသို့ ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ် ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေ လုပ်ငန်းများအကြောင်းနှင့် စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းပိုင်းနှင့်ပက်သက်၍ တက်ရောက်လာသည့် ကျေးရွာပြည်သူများအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်မည့် ကော်မတီဝင် (၇) ဦးကို ရွေးချယ်ဖွဲ့စည်းပေးခြင်း၊ အုပ်စု(၅)စု ဖွဲ့စည်းထားခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)ရန်ပုံငွေ တစ်ရွာလျှင် ကျပ် သိန်း(၁၀၀) ဖြင့် မြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများအား ကျောက်စရစ်မြေနီခင်းခြင်းနှင့် မြေသားရေကန် တူးဖော်ပေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်