တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ

ပုသိမ် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန့်နေ့ ညနေပိုင်းက တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တွန်းအားပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာ ကျောင်းများဖွင့်လှစ်ခဲ့ရာတွင် ၁၀ သိန်း ၄ သောင်းကျော် အပ်နှံခဲ့ပြီး ၉ သိန်း ၉ သောင်း ၇ ထောင်ကျော် တက်ရောက်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ကန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားစေရေး၊ အခြေခံပညာမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်ရေး ဆရာ၊ ဆရာမများ အနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာ ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောင်းသူ ကျောင်းသားများ၏ ဝါသနာအလိုက် အားကစားကို အခြေခံမှစ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် လိုပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိခရိုင်၊ မြို့နယ်များရှိ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ ကျောင်းအပ်နှံ တက်ရောက်မှုများနှင့် ကျောင်းဖွင့်လှစ် သင်ကြားမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)