ဟားခါး ဇွန် ၁၆
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရေးအတွက် အသက်၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးလာရောက် ထိုးနှံမှုနည်းပါးပါက ရွေ့လျားစနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ သွားလာရန် အဆင်ပြေသည့် ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပိုမိုထိုးနှံနိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးထွန်းသိန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်တို့က ကိုဗစ်-၁၉ အသုံးစရိတ်များနှင့် ပတ်သက်၍ ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ၁၄-၆-၂၀၂၂ ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် ကျန်းမာရေးကဏ္ဍ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် ရရှိအောင် ဆောင်ရွက်မည့် စီမံချက်ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသက် (၅)နှစ်မှ အသက် (၁၂)အတွင်းရှိ ကျောင်းသား ၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို VMIS စနစ်ဖြင့် စာရင်းရေးသွင်း ပြီးစီးမှုနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက မြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာနှုန်းပြည့်နီးပါး ရရှိပြီးဖြစ်သည့်အတွက် ကျေးရွာများတွင် ပိုမို ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ဘာသာရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် ရန်နှင့် အသက် (၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်၍ တစ်မြို့နယ်ချင်းအလိုက် သုံးသပ်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်တို့က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)