ပေါက်ခေါင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ပေါက်ခေါင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌  ၂၀၂၂-၂၀၂၃   ပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်း အခြေခံပညာအလယ်တန်း‌ကျောင်းနှင့် အထက်တန်း‌ကျောင်းများရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၅၄၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ ဆရာမများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေ ရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ(၂) ရက်နေ့မှ(၁၅)ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးဖြစ်သည့် ၅ နှစ်မှ ၁၂ နှစ်အတွင်းကျောင်းသား/ ကျောင်းသူ  ၈၉၃၀ ဦးနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၅၄၀ ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအောင်