ကျုံပျော်မြို့နယ် သဲဖြူကျေးရွာအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကျုံပျော်  ဇွန်  ၁၆

မိုးဦးကာလ ခြင်ပေါက်ပွားမှုများသောရာသီ ရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် သဲဖြူကျေးရွာအုပ်စု၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများ လိုက်ပါ၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးပြီး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အပတ်စဉ် ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေ တင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန် တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများ အပတ်စဉ် လိုက်လံဆောင်ရွက်‌ ပေးလျက်ရှိပြီး၊ ပြည်သူများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် အသက်အန္တရာယ်တို့မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)