ဖြူး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများပူးပေါင်း၍ သင်တန်းသူများအား သိသင့်သိထိုက်သည့်အချက်များကို သိရှိနိုင်စေရေးအတွက်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ရှောင်လေဝေးဝေးမူးယစ်ဆေးခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ရှောင်ကျဉ်ရမည့်အကြောင်းကိုလည်းကောင်း၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာဥပဒေများ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးအကြောင်းနှင့် အမျိုးသမီးငယ်များ ကျန်းမာရေးအတွက် မီးယပ်နှင့်အဖြူဆင်းခြင်းအကြောင်းတို့ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး၊ သင်တန်းကျောင်းအုပ်နှင့်ဆရာမများ၊ သင်တန်းသူများတက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်ပြဘုတ်များအား ပြသပေးရာ သင်တန်းသူများက လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင် (ပြန်/ဆက်)