ပန်းတောင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ ပန်းတောင်းမြို့နယ်တွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှတောင်သူများအား စည်းရုံးဆောင်ရွက်လျက်ရှိပါသည်။
မိုးနေကြာမျိုးစေ့ထုတ်ဧကများ မိုးလွတ်ရိတ်သိမ်းနိုင်ရေး အစေ့အဆန်အောင်မြင်ရေးအတွက် ပန်းတောင်းမြို့နယ်၏ July Drop ကို ခန့်မှန်းပြီးမြေဆီမြေနှစ်ကောင်းမွန်သော တောင်ဘွေအုပ်စု၊ ပဲကြီးအင်းကျေးရွာကိုင်းခုံများတွင် စိုက်ပျိုးနိုင်ရေးကို ဌာနမှစည်းရုံးဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှလည်း စိုက်ပျိုးမည့်မြေနေရာများကိုလာရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်ပညာရှင်အဖွဲ့မှလည်း ပဲကြီးအင်းကျေးရွာသို့လာရောက်၍ နေကြာစိုက်ပျိုးနည်းစနစ်များနှင့် ပိုးမွှားကာကွယ်ရေးနည်းစနစ်များကို Projector ဖြင့်ပြသ၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
July Drop တွင် ရိတ်သိမ်းနိုင်ရေးအတွက် နေကြာကို သင်္ကြန်ကာလ(ဧပြီလ)ကိုင်းကျွန်းခုံဘေးတွင် ဧရာဝတီမြစ်ရေကိုရေတင်စိုက်မှသာ အစဉ်ပြေမည်ဖြစ်သဖြင့် မြစ်ရေတင်နိုင်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးအား စိုက်ပျိုးရေးဦးစီးဌာနမှအကူအညီတောင်းခံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဆက်စပ်ပေးမှုဖြင့် သက်ဆိုင်ရာဌာနများဖြစ်သော ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့မှ စိုက်မည့်နေရာကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ကမ်းပါးအမြင့်ပေ(၈၀)ရှိသဖြင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ စက်ဖြင့်ရေတင်ခြင်းကို ဧပြီလဆန်းနှင့်သင်္ကြန်ကာလတွင် ဌာနနှစ်ခုမှဝန်ထမ်းများ၊ ပဲကြီးအင်းကျေးရွာမှတောင်သူများ ကြိုးစားဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလ(၁၁) ရက်မှ ဧပြီလ(၂၆)ရက်ထိ (၂၄.၀၁)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါဇွန်လ(၁၁)ရက်နေ့တွင် နေကြာခင်းများရက် (၆၀)သားနှင့်(၄၅)ရက်သားရှိပြီဖြစ်ပါသည်။ ရက်(၆၀)သားနေကြာခင်းများမှာ ပန်းဖြိုင်ဖြိုင်ပွင့်နေပြီဖြစ်ကြောင်း သိရသည်။ ထိုမိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာမည့် နေကြာမျိုးစေ့များကို လာမည့်ဆောင်းသီးနှံနေကြာမျိုးစေ့လိုအပ်ချက်အား စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ပြီး ဆောင်းသီးနှံများတွင်သီးညှပ်ထည့်၍လည်းကောင်း၊ သီးသန့်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း မြို့နယ်၏နေကြာလျာထားဧက (၁၀၀၀)ပြည့်မီရေးကို ဌာနမှကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးသင်းထံမှ သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)