ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ၊ နှမ်းနှင့်‌နေကြာအပါအဝင် ဆီထွက်သီးနှံ(၅၀၀၉၈)ဧကစိုက်ပျိုး ပြီးစီး

ပေါက်ခေါင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲ၊ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ(၅၀၀၉၈)ဧကကို ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ ယာ၊ ကိုင်းကျွန်းများတွင်(၄၀)ဧက၊ မိုး‌မြေပဲ(၁၂၀၁၂)နှင့်မိုးနှမ်း(၃၈၀၄၆)ဧက၊ ဇွန်လ ၁၅ ရက်နေ့အထိ စုစုပေါင်း(၅၀၀၉၈)ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်းစေရန်နှင့်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)