လိပ်သို ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥယျာဉ်ခြံများနှင့်တောတောင်များမှ အလေ့ကျပေါက်ရောက်လျက်ရှိသော ဝါးရုံများတွင် မျှစ်များပေါများစွာထွက်ရှိလာပြီဖြစ်၍ ဒေသခံပြည်သူများ ချိုးယူရောင်းချရသဖြင့် မိသားစုအပိုဝင်များရရှိကြောင်း သိရသည်။
မျှစ်ချိုးရာသီရောက်လာလျှင် မျှစ်အဝယ်ဒိုင်များဖွင့်လှစ်၍ ဝယ်ယူလျက်ရှိကြပြီး ယခင်နှစ်က မျှစ်စိမ်း ၁ ပိဿာကို ကျပ် ၅၀၀ရ ရှိခဲ့ကြရာမှ ယခုနှစ်ပေါ်ဦးပေါ်ဖျားတွင် ကျပ် ၆၀၀မှ ကျပ် ၁၀၀၀ အထိ စျေးရရှိခဲ့သော်လည်း မျှစ်ထွက်ရှိမှုများလာခြင်းကြောင့် စျေးများပြန်လည်ကျဆင်းလာပြီး ယခုအခါ မျှစ်စိမ်း ၁ ပိဿာကိုကျပ် ၅၀၀၊ မျှစ်ပြုတ် ၁ ပိဿာကိုကျပ် ၇၀၀ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မျှစ်များကို ဒေသခံမျှစ်ဝယ်လက်များက ဝယ်ယူကြပြီး မျှစ်အဝယ်ဒိုင်ကြီးများထံသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရောင်းချကြသည်။ အချို့ဒေသများမှာ နည်းစနစ်ကျစွာ မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များပြုလုပ်၍ သိုလှောင်ထားရှိကာ နွေကာလတွင် ပြန်လည်စားသုံးခြင်း၊ တံဆိပ်တပ်ထုတ်ပိုး ရောင်းချခြင်းတို့ဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)