သရက်ချောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

သရက်ချောင်း   ဇွန်   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ဟောပြော ပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ လက်ထောက်ဆရာဝန် ဒေါက်တာနေလင်းက မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုလိုက်နာကြရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရမှုကြောင့် အများဆုံးဖြစ်ပွားကြောင်း၊ ယခုအချိန်သည်မိုးရာသီ ကာလဖြစ်သည့် အတွက်ခြင်ခိုအောင်းမှုအများဆုံးဖြစ်ပြီး ၎င်းခြင်မှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကိုသယ်ဆောင်လာသည့် ခြင်ကိုက်ခံရပါကသွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနိုင်ကြောင်း၊ ၎င်းခြင်များသည်အမှိုက်ပုံထားရှိရာနေရာများ၊ တည်ငြိမ်နေသော ရေတွင်း၊ရေကန်များ၊ ရေနှုတ်မြောင်းများ၊ ဘုရားပန်းအိုးများတွင် အနည်းဆုံး(၅)နှစ်ခန့် ခိုအောင်းနိုင်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသောကျောင်းသားမိဘများကို သွေးလွန်တုပ်ကွေး ရောဂါကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မူလတန်းကြိုကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နန်းခလိုက်(သရက်ချောင်း)