ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပွင့်ဖြူ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၉၅၆ ဦးရှိကြောင်း သိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့်  (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများကို မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများထံ ထောက်ပံ့နိုင်ရေးအတွက် လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ အဘိုး၊ အဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ် သုံးသောင်းနှုန်း အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)