ကလိန်အောင်မြို့အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကလိန်အောင်  ဇွန် ၁၆

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm  ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမ ဒေါ်ဖြိုးအိမြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကလိန်အောင်မြို့ အ-ထ-က ကျောင်းဝင်အတွင်း အခြေခံပညာကျောင်း ‌‌(၁၃) ကျောင်းမှ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၆၄) ဦးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို  မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဦး‌ဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့ (ပြန်/ဆက်)