မိုးကောင်းမြို့၌ ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩ

မိုးကောင်း ဇွန် ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ချောင်းကမ်းစပ်မြေနိမ့်ပိုင်းများ၌ ရေအနည်းငယ် ဝင်ရောက်မှုကြောင့် မြို့နယ်မီးသတ်စခန်းမှ ယနေ့ နံနက်(၁၀)နာရီတွင် ရေဘေးအန္တရာယ် အသိပညာပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

မိုးကောင်းချောင်းရေ စိုးရိမ်ရေအမှတ်သည် (၆၀၀)စင်တီမီတာဖြစ်ပြီး နန့်ရင်းချောင်းရေ (၆၁၂) စင်တီမီတာနှင့် နန့်ကောင်းချောင်းရေ (၅၉၂)စင်တီမီတာတွင် ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇွန်(၁၅)ရက်နေ့ နေ့လယ်(၁၂)နာရီ တိုင်းထွာချက်အရ သိရသည်။

အဆိုပါ ရေဝင်ရောက်နေမှုကြောင့် နန့်ရင်း၊ အလယ်ရပ်နှင့် အရှေ့ရပ်ကွက်တို့၌ မြို့နယ်မီးသတ် စခန်းမှ သန္ဓေ(၅)ဦးနှင့် အရန်(၂)ဦးတို့ဖြင့် ရေထဲတွင်အကြောင်းမဲ့ လမ်းလျှောက်ထွက်ခြင်းမပြုရန်၊ ရေစိုနေသောလျှပ်ပစ္စည်းများကို အသုံးမပြုရန်၊ လျှပ်စစ်ပစ္စည်းမိန်းခလုတ်များ ပိတ်ထားရန်၊ အိမ်မွေးတိရိစ္ဆာန်များ မလိုအပ်ဘဲချည်နှောင်ထားခြင်းမပြုရန်၊ ကမ်းပါးနံရံများ ပြိုကျတတ်သဖြင့် ကမ်းပါးအနီးသို့ မသွားရန်၊ အဆိပ်ရှိ တိရိစ္ဆာန်များ မိမိနေအိမ်နှင့် ပတ်ဝန်းကျင်အတွင်း ခိုအောင်မှု ရှိ/မရှိ စစ်ဆေးရန်နှင့် မိုးလေဝသ သတင်းထုတ်ပြန်ချက်ကို စဉ်ဆက်မပြတ် နားထောင်၍ အကြံပြုချက်များကို လိုက်နာရန် စသည့်အချက်များ လိုက်လံဆော်ဩကြောင်း သိရသည်။

မြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်လာပါက မြို့နယ်မီးသတ်ဦးစီး ဌာနဖုန်းနံပါတ် ၀၇၄-၄၀၈၄၂ ၊ ၀၉-၄၀၀၀၁၄၅၉၆ သို့ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)