ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူများအား ၂၀၂၂ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ငဖဲ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူ (၇၃)ဦး၏ စပါးသီးနှံစိုက်ဧက (၁၁၇)ဧကနှင့် အခြားသီးနှံစိုက်ဧက (၁၇)ဧကအတွက် ချေးငွေကျပ် (၁၉၂.၅)သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မြမြမိုးက ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေပြေကျေသည့် ကျေးရွာအုပ်စုများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်း၊ မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး အလေးထားစိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီ ဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက် ရှိသည်။

ငဖဲမြို့နယ်အတွင်း ချေးငွေထုတ်ချေးရန် လျာထားသည့်ကျေးရွာအုပ်စု(၂၃)အုပ်စုမှ တောင်သူဦးရေ (၂၀၅၀)ဦးတို့ကို ချေးငွေကျပ်သိန်းပေါင်း (၁၀၀၀၀)ထုတ်ချေးပေးရန် လျာထားထားရှိပြီး စပါးသီးနှံစိုက် တစ်ဧကလှျင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံစိုက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၄၇၈)ဦး၏ စပါးသီးနှံစိုက်ဧက(၈၅၅)နှင့် အခြားသီးနှံစိုက်ဧက (၅၂၀)ဧကတို့အတွက် ချေးငွေ ကျပ်သိန်းပေါင်း(၁၈၀၂.၅)သိန်းကို ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်းနှင့် ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စု (၁၆)အုပ်စုမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်းအပြီး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)