မိုးညို ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပေါက်ကုန်း(မူလွန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းနှင့် ဝန်ထမ်းများက ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ကဖွင့်လှစ်ပေးထားသည့် ကျောင်းစာကြည့်တိုက် တွင်း ကြည့်ရှု့ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှု့သည့် အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးအောင်မှ ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ကျောင်းသား၊ ကျောင်းသူများအား ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ဖွင့်လှစ်ပေးထားသည့် စာကြည့်တိုက်ရှိ စာအုပ်များအား ဖတ်ရှုကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စက္ကူရုပ်သေးပြဇာတ်ဖြင့် မိတ်ဆက်ပေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က ရုပ်ပုံစာအုပ်ဖြင့်လည်းကောင်း၊ စက္ကူလိပ်ရုပ်သေးရုပ်ပြဇာတ် စသည့်ပုံပြင်များဖြင့် ပြောကြား ပေးခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများက Mobile Library သုံးဘီးယာဉ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာနံရံကပ်နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုမင်း (မိုးညို)