ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာချိန်လျှင် ငွေကျပ် ၁၇၀၀ကျော်နှုန်းအထိ ရောက်ရှိလာ

ပခုက္ကူ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း မြန်မာ့ထွက်ကုန်တစ်ခုဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ကျော်နှုန်းအထိ ရောက်ရှိလာကာ ဈေးကောင်းလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ(ဈေးကွက်)သို့ လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံက သိရသည်။

အဆိုပါ မြန်မာ့ထွက်ကုန် နွေကြက်သွန်နီများကို ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းရှိ ကြက်သွန်ဈေးကွက်အတွင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့် ယောနယ်ဒေသများမှ တောင်သူတွေထံက အများဆုံး ဝင်ရောက်လာကြောင်း၊ ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်ပြီး ကြက်သွန်ဈေးကွက် လက်ခံဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ အနည်းဆုံးပိဿာချိန်ပေါင်း ၁၅၀၀၀မှ အများဆုံးပိဿာချိန်ပေါင်း ၁၈၀၀၀၀ကျော်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၅၅၀မှ အနည်းဆုံး ၁၀၀ကျပ်ဖြင့်သာ ရောင်းချခဲ့ရသော်လည်း လက်ရှိကြက်သွန်နီဈေးနှုန်းမှာ ပွဲရုံအထိုင်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀ ကျပ်အထိရောက်ရှိကာ ဈေးကောင်းရရှိနေကြောင်း၊ လက်ရှိကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် အများဆုံးငွေကျပ် ၃၅၀၀ မှ အနည်းဆုံး ၁၉၀၀ ကျပ်အထိ ရှိကြောင်း ပခုက္ကူခရိုင် ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။         

ထို့အပြင် ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီလာရောက်ရောင်းချသည့် တောင်သူဦးညီညီမင်းကျော်က ယခုနှစ်တွင် နွေကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ကျင်းပေါင်း ၁၉၈ ကျင်းစီဖြင့် နှစ်ဧကစိုက်ပျိုးထားကြောင်း၊ ကြက်သွန်နီတစ်ဧကအတွက် စိုက်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ အလုပ်သမားခ ငွေကျပ် ၁၃၀၀၀၊ မြေဩဇာထည့်စရိတ် ငွေကျပ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ် ငွေကျပ် ၁၄၀၀၀၀၊ နွားရှင်းခ ငွေကျပ် ၂၀၀၀၀၊ ရေသွင်းစရိတ် ငွေကျပ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖြန့်စရိတ်ငွေကျပ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ငွေကျပ် ၃၀၀၀၀၀နှင့် အခြားလုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်း (၁၂)သိန်းကျော်ကုန်ကျခဲ့ကြောင်း၊ ကြက်သွန်နီတစ်ကျင်းတွင် ပိဿာချိန် ၂၀ ထွက်ရှိပြီး ရောင်းချနေဆဲကာလဖြစ်သောကြောင့် အမြတ်ရရှိငွေရရှိမှုတန်ဖိုးခန့်မှန်းလို့ မရနိုင်သေးကြောင်း၊ ကျေးရွာရှိတောင်သူများအနေဖြင့် ကြက်သွန်ကိုပဲ အဓိကထားစိုက်ပျိုးကြကြောင်း ပြောပြသည်။

မြန်မာ့ထွက်ကုန်ကြက်သွန်မှာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပနိုင်ငံများကိုလည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးလုပ်ကိုင်ကြပြီး အညာဒေသများရှိ သဲချောင်းနေရာများနှင့်မြစ်ကမ်းနံဘေးနေရာများ၌ ရေသွင်းစနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်များ လှိုင်လှိုင်ပေါ ဝင်ရောက်လာပြီး ဈေးကောင်းရရှိနေသောကြောင့် တောင်သူများအနေဖြင့် တွက်ခြေကိုက်နေကြောင်း ပခုက္ကူခရိုင်ကုန်သည်ပွဲစားများအသင်းထံက သိရသည်။

ဘာမီသာ (ပခုက္ကူ)