ဘားအံ ဇွန် ၁၅
ပြည်နယ်၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၇/၂၀၂၂)ကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိုးရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး အတွက် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမှကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စားသုံးဆီနှင့်စက်သုံးဆီကို ချွေတာသုံးစွဲကြရန်နှင့် သွင်းကုန်အစားထိုး ထုတ်ကုန်များကိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ ဒေသတွင်းဆီကြိတ်ခွဲဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအနေဖြင့် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်ပစ္စည်းများကို အဂတိတရားကင်းရှင်းစွာဖြင့် တိတိ ကျကျစစ်ဆေးပေးစေလိုပြီး ငွေကြေးတောင်းခံမှုများရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်(၆/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)