ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စက်ရုံအလုပ်ရုံများအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၅

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က စားသုံးဆီထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆီကြိတ်ခွဲစက်နှင့်ဆက်စပ် စက်ရုံ၊အလုပ်ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဘားအံ-ထုံးအိုင် ကားလမ်းမကြီးဘေးရှိ တစ်ရက်လျှင် ဆီပိဿာချိန် ၁၅၀၀ ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်သော စိန်ဆီကြိတ်ခွဲစက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စီန်ဆီစက်လုပ်ငန်းရှင်ဦးဝေလင်းအောင်က စားသုံးဆီကြိတ်ခွဲ ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊  ဒေသထွက်စားသုံးဆီ (မြေပဲဆီ)များ၏ ဈေးကွက်အတွင်းဝယ်လိုအားအခြေအနေနှင့် တိုးမြှင့်ထုတ်လုပ်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုးသွားမည်ဖြစ်ပြီး ဒေသတွင်း၌သာဆီကြိတ်ခွဲထုတ်လုပ်၍ စားသုံးဆီဖူလုံပိုလျှံရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ ဆီစက်လုပ်ငန်းရှင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ ဟံသာကြယ်ကုမ္ပဏီလီမိတက် ပလက်စတစ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တရုတ်နိုင်ငံထုတ် အင်ဂျန်းရှင်း လီလီစက် (၄)လုံးဖြင့် ပလက်စတစ်ဗူးခွံ ထုတ်လုပ်မှုအဆင့်ဆင့်ကိုနှင့် ဗူးအဖုံးထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်၏ဝယ်လိုအားအပေါ် မူတည်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ သုံးသုံးလုံးကော်စေ့စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ စက်ရုံမန်နေဂျာနှင့်တာဝန်ရှိသူများက အလုပ်သမား(၂၀)ဦးဖြင့် တစ်ရက်လျှင် ကော်စေ့ ၁၇၅၀၀  ပေါင်ခန့်အား တရုတ်နိုင်ငံထုတ်စက်(၄)လုံးဖြင့် ထုတ်လုပ်နေမှုအခြေအနေ၊ ပြည်တွင်းနှင့်ထိုင်းနိုင်ငံမှ ကုန်ကြမ်းကော်ခုတ်ဖက်များကိုရယူ၍ ကော်စေ့ထုတ်လုပ်ကာ ရန်ကုန်နှင့်မန္တလေးရှိ ပီနံအိတ်ထုတ်လုပ်သည့်စက်ရုံများသို့တင်ပို့ရောင်းချနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)