ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖျာပုံခရိုင်အတွင်း တစ်ထပ်ကျောင်းဆောင် သစ်များ တက်ရောက်ဖွင့်လှစ်‌ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနှင့် ကျုံကဒွန်းကျေးရွာများသို့ သွားရောက်၍ ခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  အဆောက်အဦသစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းမြင့်အောင်၏ လယ်မြေ ၁၆၂ ဧကတွင် (GW-11) မျိုးစပါး တစ်မိုးနှစ်သီးစိုက်ပုံစံ ပထမသီး စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနမှူးက ဒေးဒရဲမြို့နယ်အတွင်း မိုးစပါး၊ နွေစပါးစိုက်ပျိုးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျာထားစိုက်ဧကများ ပြည့်မီကျော်လွန် စေရေး၊ အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစေရေး လမ်းညွှန်မှာကြား ခဲ့ပြီး ရေတွင်းကုန်း-သံဒိတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP-Mini Grid)မှ (၆၀) ရာခိုင်နှုန်း၊  ဒေသခံပြည်သူ ထည့်ဝင်ငွေ(၂၀)ရာခိုင်နှုန်း၊ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီမှ (၂၀)ရာခိုင်နှုန်း ဖြင့်ဆောင်ရွက်သည့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနား ဆက်လက် တက်ရောက်၍ “တိုင်းဒေသကြီးအတွင်း မြို့ပြနှင့်ကျေးလက်အကြား ကွာဟမှုမရှိစေရေး အတွက် လမ်းပန်းဆက်သွယ်ရေး၊  လျှပ်စစ်မီးရရှိရေး ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် လျှပ်စစ်မီးရရှိရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ လျှပ်စစ်မီးရရှိပြီဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါကြောင်းနှင့် ရရှိသည့်လျှပ်စစ်မီးကိုလည်း စနစ်တကျသုံးစွဲ ကြရန်လိုကြောင်း” ပြောကြားသည်။ ထို့နောက် ကျေးရွာ ပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးက မီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့ကာ အခမ်းအနားအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍  Solar Mini Grid လုပ်ငန်း ကမ္ဗည်းမော်ကွန်းအား ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကာ မီးလင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျေးရွာ အတွင်းဆိုလာ လျှပ်စစ်မီး သုံးစွဲမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)