လွိုင်ကော် ဇွန် ၁၅
အလုပ်သမားဝန်ကြီးဌာန၊ ကယားပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံးမှကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော အာမခံအလုပ်သမားများအား အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများ၊ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကယားပြည်နယ် လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံ ဦးမျိုးမြင့်က အဖွင့်အမှာစကားနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုဖြစ်သွားသော Future Energy Co,Ltd မှ အာမခံအလုပ်သမားတစ်ဦးအား အကျိုးခံစားခွင့် ငွေကျပ် ၆,၃၅၀,၄၀၀ (ခြောက်ဆယ်သုံးသိန်း ငါးသောင်းလေးရာ)တိတိပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇင် (လွိုင်ကော်)