ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝါသီးနှံ မျိုးစေ့ထုတ်နည်းပညာပေးသင်တန်း ဖွင့်လှစ် သင်ကြား၍ ဝါမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

ချောင်းဦး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက တောင်သူများအား ဖိတ်ကြားပြီး ဝါသီးနှံမျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ဖွင့်လှစ်၍  ဝါမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ဝါသီးနှံကို အဓိကထား စိုက်ပျိုးကြသော်လည်း ယခင်ကစိုက်ပျိုးနေကြ ဝါမျိုးများကို စိုက်ပျိုးခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးမှုနည်း၍ ဝါအထွက်နှုန်း နည်းသောကြောင့် ယခုအခါ တောင်သူများ ဝါသီးနှံကို မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး ကိုယ်တိုင် မျိုးစေ့ထုတ်နိုင်စေရန် သင်တန်းဖွင့်လှစ် နည်းပညာပေးရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းမှာ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပြန့်ပွားလာစေရန်၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ အလွယ်တကူ စျေးနှုန်းချိုသာစွာ ရရှိလာစေရန်၊ တောင်သူများ ကိုယ်တိုင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ်တတ်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဝါစိုက်တောင်သူ ၂၀ ဦးကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဝါမျိုးစေ့ ရွှေတောင် ၈ နှင့်ရွှေတောင် ၁၀ မျိုး ဧက ၁၀၀ စာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွှန့်အောင်၊ ဆည်မြောင်းဦးစီးဌာန တာဝန်ခံနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ချောင်းဦးမြို့နယ်တွင် ယခုနှစ်အတွက် ဝါသီးနှံစိုက်ပျိုးရန် ၇၇၇၈ ဧကရာထားထားပြီး ယခုအခါ ၄၅၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့သည့် ဝါသီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့ ဧက ၁၀၀ စာအား အကျိုးဆောင် တောင်သာများနှင့် ပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ ဒေသတွင်းပြန့်ပွါးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင်လည်း မိမိတို့အိမ်အတွင်းရှိ စားဆောင်နှင့် ရှာလကာရည် အသုံးပြုပြီး ယာမြေအတွင်းရှိ မြေကြီး၏ ချဉ်/ငံ ဓာတ်တိုင်းတာနည်း၊ ယူရီးယားနှင့် လက်ခြား ရောစပ်၍ အပင်များ အထွက်နှုန်းကောင်းစေရန် အသုံးပြရမည့် နည်းစနစ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)