လှိုင်းဘွဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဇွန် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ကြရန်၊ ဖြစ်ပွားလာလျှင် အမြန်ဆုံးအကြောင်းကြားပေးကြရန်၊ ကူးစက်ပျံ့နှံ့မှုမရှိအောင် ဂရုစိုက်ကြရန်၊ သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ မိမိကျေးရွာများတွင် ပြည်သူများသိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက သွေးလွန်တုပ်ကွေး ရောဂါအကြောင်း၊ ဖြစ်ပွားမှုသမိုင်းကြောင်း၊ ရောဂါလက္ခဏာများ၊ သွေးလန့်လက္ခဏာများ၊ တုပ်ကွေးအမျိုးအစားများ၊ ကရင်ပြည်နယ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားမှု/သေဆုံးမှု အခြေအနေ၊ သွေးလွန်တုပ်ကွေးကို ဖြစ်စေသော ခြင်ကျားသဘာဝ၊ ဖြစ်ပွားချိန်တွင် ရှောင်ကြည်ရမည့်အချက်များ၊ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)