လိပ်သို ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းလာမှုကြောင့် မိုးရေ၊ စမ်းရေ လုံလောက်စွာရရှိလာကာ မိုးစပါးစိုက်ပျိုးရန် အခြေအနေပေးလာမှုကြောင့် တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ယေဇူးရွှေနှလုံးတော် ဘုရားကျောင်းပိုင် လယ်မြေ (၂) ဧကခန့်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr.ဒါညေးလယ်မှ ဦးဆောင်၍ သစ်ခွတောင်ကျေးရွာနှင့် သစ်ခေါင်းကျေးရွာတို့မှ ကက်သလစ်ဘာသာဝင်များ၏ လုပ်အားအကူအညီဖြင့် ဒေသနေပြည်သူများအား ရာသီဥတုအခြေအနေ ကောင်းပေးလာမှု အပေါ်မူတည်၍ မိုးစပါးစိုက်ပျိုးနိုင်ရန် အသိပညာပေးထွန်ယက်ခြင်းလုပ်ငန်းများကို လက်တွေ့စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသရှိ တိုင်းရင်းသားတောင်သူများမှာ နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းဖြင့်သာ အဓိကအသက်မွေးဝမ်းကျောင်းလျက်ရှိကြပြီး တောတောင်လျှိုမြောင်ကြားတွင် မြေပြင်အနေအထားပေါ်မူတည်၍ လှေကားထစ်လယ်ယာများကိုဖော်ထုတ်၍ မိုးစပါးကို စိုက်ပျိုးခဲ့ကြသော်လည်း ရာသီဥတုအခြေအနေပေးမှုအပေါ်မူတည်၍ မိုးစပါးထွန်ယက် စိုက်ပျိုးကြရန် အသိပညာအားနည်းမှုများ ကြောင့် ပင်ပန်းသမျှထိုက်သင့်စွာ အကျိုးခံစားရမှု မရှိကြောင်းသိရသည်။
ယခုအခါ စိုက်ပျိုးရေးဉီးစီးဌာနမှ နည်းပညာများဖြန့်ဝေပေးမှုနှင့် မျိုးစပါးများ ပံ့ပိုးပေးမှု၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ အသိပညာပေးမှုများကြောင့် ရိုးရာသမားရိုးကျ ထွန်ယက်စိုက်ပျိုးမှုမှတစ်ဆင့် စက်ကိရိယာများအသုံးပြုကာ ထွန်ယက်စိုက်ပျိုး လာခြင်း၊ မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးလာခြင်းတို့ကြောင့် သိသာစွာအကျိုးခံစားခဲ့ကြရကြောင်း သိရှိရသည်။
လိပ်သို (ပြန်ဆက်)