ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ရှမ်းရွာသစ် ဇွန် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကိုအစဉ်အမြဲအမှတ်ရစေရန်၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ကျောင်းသား/သူလူငယ်လေးများသိရှိစေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ပါဆယ်ဂိမ်းပြိုင်ပွဲ၊ ဘောလုံးလိမ့်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့်ကျောင်းသား/ သူ(၂၉)ဦးတို့က စိတ်ပါဝင်စားစွာပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်းဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ်သိရှိစေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)