ဟားခါး ဇွန် ၁၅
(၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆောင်ရွက်မည့်အစီအမံများ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ၂၀၂၀ ပြည်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် အာဇာနည်နေ့ အခမ်းအနား ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဝင်များဖြစ်ကြသည့် ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် စစ်ဗျူဟာအဖွဲ့အခြေချ (ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုး:ရာယဉ်ကျေးမှု ဆိုကရေးတီးပြိင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လာမည့်အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အလိုက် အလားအလာရှိသူများကို ရွေးချယ်၍ အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင် မြန်မာ့ရိုးရာဆိုကရေးတီးပြိုင်ပွဲများ ကျင်းပခဲ့မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက်)