မြဝတီ ဇွန် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြဝတီခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူများစုပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာရေးသူ ဦးဝင်းတင်ရေးသားသည့်“ကိုယ်သာလျှင်ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် စာဖတ် ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြဝတီခရိုင်နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်ဖြူဖြူထွန်းက“ကိုယ့်ကိုယ်ကိုပြောင်းလဲခြင်း အနုပညာ”ခေါင်းစဉ်ဖြင့်ဆွေးနွေးပေးရာတွင် ကမ္ဘာမြေပေါ်ရှိ လူသားတစ်ဦးတည်းသာ ကိုယ့်ဘဝပုံစံကို ပြောင်းလဲနိုင်ပါသည်။ လူသားသာလျှင်ကိုယ့်ကံကြမ္မာ၏ ပဲ့ကိုင်ရှင်၊ ဗိသုကာဖြစ်သည်၊ အပြောင်းအလဲသည် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းပြုရေးကို တောင်းဆိုပါသည်၊ အပြောင်းအလဲဖြစ်ရန် အကျင့်ဟောင်းများကို အကျင့်သစ်များဖြင့် အစားထိုးပြုပြင်ရန် လိုအပ်ပါသည်။ မိမိဘဝမြင့်မားတိုးတက်ရေးသည် မိမိခံယူချက်၊ ရည်ရွယ်ချက်ပေါ်တွင်သာ များစွာမူတည်ကြောင်းဖြင့် ဦးဆောင်ဆွေးနွေးပေးသည်။
ထို့နောက်စာပေချစ်မြတ်နိုးသူများက ဆွေးနွေးသည့်ခေါင်းစဉ်မှ မိမိတို့အတွက်ခွန်အားအဖြစ်ခံယူပါကဘဝလမ်းကြောင်းတိုးတက်မည်ဖြစ်ပြီး ဆွေးနွေးသုံးသပ်မှုများ၊ ဖတ်ရှုလေ့လာရသည့်စာပေများကိုလည်း သူတပါးအားအသိပညာပြန်လည်မျှဝေပါက အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည်ကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)