သရက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းများ ဖွင့်လှစ်သည့် ဇွန်လ (၂) ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးအဖွဲ့ (၉) ဖွဲ့မှ လှည့်လည် ထိုးနှံပေးလျက်ရှိရာ ဇွန်လ (၁၄) ရက်နေ့အထိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၇၈၃၀) ဦးအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။
သရက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၆) ကျောင်းမှ အသက် (၅) နှစ်မှ (၁၂) နှစ် အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများက ကျောင်းများအရောက် လှည့်လည်ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကျောင်းအခြေပြု ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံသည့် အခြေအနေများကို ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ (၁၄) ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၇၈၃၀) ဦး အား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)