မြို့သစ်တွင် ငရုတ်သီးခြောက်စျေးကွက် အနည်းငယ်မြင့်တက်နေ

မြို့သစ် ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ငရုတ်သီးခြောက်စျေးကွက် စျေးကောင်းရရှိနေကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ငရုတ်ပင်ကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် စိုက်ပျိုးရေးဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိသည်။

လက်ရှိဈေးကွက်အတွင်း ငရုတ်သီးခြောက်တစ်ပိဿာလျှင်(၈၀၀၀)ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ငရုတ်သီးခြောက်ထွက်ကုန်နည်းပါးလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းလာသည့်အတွက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

ငရုတ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်က ငရုတ်ပင်ကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုအခါ ငရုတ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ လွန််ခဲ့သောဆယ်နှစ်ဝန်းကျင်ခန့်မှစ၍ တောင်သူအချင်းချင်း ချိတ်ဆက်၍ နည်းပညာများရယူလေ့လာ၍ မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် နွေရာသီအတွက် ငရုတ်သီး စိမ်းထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင် ငရုတ်သီးခြောက်စျေးတစ်ပိဿာ(၆၀၀၀)ကျပ် စျေးရရှိခဲ့ပြီး ယခုအခါ ငရုတ်သီးခြောက်စျေးများ(၈၀၀၀)ကျပ် စျေးရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ငရုတ်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)