တောင်ငူ ဇွန် ၁၄
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း ရတနာသိင်္ဂီခန်းမဆောင်တွင် ကျင်းပသည်။
ဟောပြောပွဲတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဟောပြောပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမြင့်သူက စားသုံးသူအကာအကွယ်ပေးရေးအတွက် ပြဌာန်းထားသည့် ဥပဒေဆိုင်ရာများအား အသိပညာပေးဟောပြောသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်၊ လူကုန်ကူးခြင်းခံရမှု၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးက ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၌ KG အဆင့် ကလေးငယ်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှလှူဒါန်းသည့် ရုပ်ပုံပါစာအုပ်များဖြင့် ပုံပြင်ပြောခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပုံပြင်စာအုပ်များဝေငှကာ စာဖတ်ဝိုင်းများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)