အိမ်မဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပဒက်ကျေးရွာအုပ်စု ကျုံတုံးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျုံတုံးကျေးရွာမှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှာ စတင်ဆောင်ရွက်တာဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ (၈၄)သိန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ (၆)သိန်း စုစုပေါင်း သိန်း(၉၀)ကျပ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကွန်ကရစ်လမ်း အရှည်က ၇၈၀ ပေ အကျယ်က ၆ ပေ နဲ့ထုက ၆ လက်မရှိပါတယ်။ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို တစ်လအတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့” အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျုံးတုံးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းစိုက်ပျိုးရေး (၆၇)ဦး၊ မွေးမြူရေး (၃၅)ဦး၊ ရေလုပ်ငန်း (၁၃)ဦး၊ မီးလင်းရေးလုပ်ငန်း (၁)ဦး၊ ကုန်ထုတ်လုပ်ငန်း (၁)ဦး၊ အရောင်းအဝယ် (၁၅)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း (၁)ဦးတို့ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)