ရေနံချောင်း ဇွန် ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက တက္ကသိုလ်အားကစားခန်းမ၌ စတင်ကျင်းပသည်။
ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က အားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်လာပြီး ကျမ်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် မိမိတို့တက္ကသိုလ်၌ ပိုက်ကျော်ခြင်းပြိုင်ပွဲအပြင် အခြားအားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိရာ ပြိုင်ပွဲများ၌ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ခင်ရင်းနှီးစွာ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အသင်းများက အားကစားအဓိဌာန်ကို တပြိုင်နက် ရွှတ်ဆိုကြပြီး သိပ္ပံညွှန့်ပေါင်းအသင်းနှင့် မြန်မာစာ+ဒဿနိက အသင်းတို့က စတင်ယှဉ်ပြိုင်ကြရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံဌာနမှူးများ၊ ပိုက်ကျော်ခြင်းအားကစားဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု့အားပေးကြသည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝိဇ္ဇာညွှန့်ပေါင်း၊ သိပ္ပံညွှန့်ပေါင်း၊ မြန်မာစာ+ဒဿနိက၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ စသည့်ဘာသာရပ်ပေါင်းစုံမှ နှစ်ယောက်တွဲပြိုင်ပွဲတွင် အသင်း(၆)သင်းနှင့် အသင်းလိုက်ပြိုင်ပွဲတွင် အသင်း(၆)သင်းတို့ ပါဝင်ယှဉ်ကစားကြမည်ဖြစ်ပြီး ဇွန် ၂၀ ရက်နေ့တွင် ဗိုလ်လုပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)