လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ မုံရွာမြို့၌ ကျင်းပ

မုံရွာ ဇွန် ၁၄

လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စုမှူးရုံး(မုံရွာ) မှ  ရဲအုပ်ဦးနိုင်ထွန်းက လူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များနှင့် ငယ်ရွယ်သူအမျိုးသမီးငယ်များလူကုန်ကူးမှု အန္တရာယ်မှ ကင်းဝင်းစေရန် ကြိုတင်သတိပြုဆင်ခြင်လိုက်နာရန် ဆောင်ရန်၊ ရှောင်ရန်တို့အား အသိပညာပေးဟောပြောပြီးနောက် စိတ်ပါဝင်စားစွာတက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံးမှ တာဝန်ရှိသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို တက်‌ရောက်လာကြသူ ၂၀ ဦးအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)