မော်လမြိုင်ကျွန်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က နတ်မင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ်နှင့် နိုင်ငံတစ်ဝန်း မူးယစ်ဆေးများ ဖမ်းဆီးရရှိမှုများ၊ စိတ်ကြွဆေးပြားများ အလွဲသုံးဆွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းဆွေးနွေးကာ၊ မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က Monkeypox မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား အခမဲ့ ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)