ငပုတောမြို့၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ငပုတော ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်ူများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်စေရေးအတွက်၊ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်နှင့် ဟောပြောပွဲများ ပြုလုပ်ရန်နှင့် အဆိုပါလုပ်ငန်းများအား ကျန်ရှိကျောင်းများမှ ပညာရေးဌာနနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ကြရန် ၊စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် နေ့/ည (တာဝန်)များဖြင့် လုံခြုံရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအား ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးနှင့် ရပ်ကွက် ကျေးရွာများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)