မြဝတီ ဇွန် ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြဝတီခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးသူဇေရတု ရေးသားသည့် “လူမှုဆက်ဆံရေးဆက်သွယ်မှုအတတ်ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ စီမံရေးရာဌာနမှူး ဒေါ်စမ်းစမ်းအေးက “ဆက်သွယ်မှုက အခြေအနေတိုင်းတွင် သင်၏ဩဇာလွှမ်းမိုးမှုကို မြှင့်တင်ပေးသည်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးရာတွင် ယနေ့ခေတ်လူကြီး၊ လူငယ်မရွေးလူမှုပေါင်းသင်းဆက်ဆံရေးသည် လွန်စွာအရေးကြီးပေသည်၊ လူတိုင်းဘဝ ရည်မှန်းချက် အောင်မြင်မှုပန်းတိုင် ရောက်ရှိရန် ဆက်ဆံပြောဆိုရေး အရေးပါပေသည်။ ကောင်းမွန်သော ဆက်ဆံရေးတွင် ဆက်သွယ်မှုသည်အဓိကအကျဆုံးဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်း၊ အစုအဖွဲ့ (သို့မဟုတ်) ပရိသတ်နှင့်ပြောဆိုရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းသည်လည်း အောင်မြင်မှုရရှိရန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပေးသည်။
ထို့နောက် တက်ရောက်ကြသည့် စာပေချစ်မြတ်နိုးသူများက မိမိတို့၏ ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက် များဖြင့် ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)