ရှင်ဗွေယန်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှင်ဗွေယန်  စက်တင်ဘာ  ၇

 ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့မှ စတင်၍ နံနက်(၉)နာရီတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် အသက်(၂)နှစ်အောက် ကလေးများအတွက် လစဉ်ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)တို့ကို ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဆုံဆို့မေးခိုင် ကာကွယ်ဆေးထိုးခြင်း၊ ကိုယ်ဝန် စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သွေးအားနည်းရောဂါ ရှိ/မရှိ သွေးစစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် အသက်(၂)နှစ်အောက် ကလေးများအား ထိုးနှံသည့် ကာကွယ်ဆေးအကြောင်း၊ ကာကွယ်နိုင်သော ရောဂါများအကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် မိခင်နို့ဦးရည် တိုက်ကျွေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးလမ်းညွှန်ချက်များကို အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်သီတာက အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ၊ ကြိုတင်၊ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေး(၃၃)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၃၆)ဦးတို့အား(၂)ရက်ကြာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 လင်းသွယ်ဦး(ပြန်/ဆက်)