စုကလိ ဇွန် ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသော လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်ဖြင့် စာဖတ်ဝိုင်း အား ယနေ့မွန်းတည့် (၁၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးစည်သူကျော် ကစာမျက်နှာ ၅၁ ပါ မူးယစ်ဆေးကိုတိုက်ဖျက်ကြ၊ အသက်ရှည်ဖို့အဓိက ဆောင်းပါးဖြင့် လည်းကောင်း၊ စာပေဝါသနာရှင် ဦးကျော်ကမူးယစ်ဆေးဝါးလွဲသုံးစား ဆုံးပါးအသက်တို ဆောင်းပါးဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဦးဥတ္တရမောင်က မူးယစ်ဆေး အလွဲသုံးစား မှုခေါင်းစဉ်ဖြင့် ဆောင်းပါးအားလည်းကောင်း၊ အသီးသီးဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ပိုပိုအောင် (ပြန်/ဆက်)