ချောက် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည် ပြီး ရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ ချောက်မြို့ အထက(၃)ကျောင်း စိုးမေတ္တာခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက"ရှောင်လေဝေးဝေးမူးယစ်ဆေး"ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိဒေါ်ဖြိုးသဥ္ဇာမင်းက "မူးယစ်ဆေးဝါးအန္တရာယ်ကြီးမားပုံနှင့် ဥပဒေအကြောင်း"တို့အားလည်းကောင်း ကျောင်းသား၊ ကျောင်းသူတို့သိရှိလိုက်နာရှောင်ကြဉ်နိုင်ရန် ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က "လူငယ်နှင့်မူးယစ်အန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးမိုးက"မူးယစ်အန္တရာယ်စုပေါင်းကာကွယ်"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး တက်ရောက်လာသော မြို့မရဲစခန်း ဒုတိယရဲမှူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/သူများ ပိုမိုသိရှိရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်နံရံကပ်ဘုတ်များ၊ မူးယစ်ဆေးဝါးပုံများ၊ ပန်းချီနှင့်ဗီနိုင်းများပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)