ထားဝယ် ဇွန် ၁၄
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် သွေးလှူရှင်များဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆေးပညာလောကတွင် သွေးသွင်းကုသခြင်းဟာ အရေးကြီးသော ကုသမှုတစ်ခုအနေဖြင့်ပါဝင်ပါကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ ခွဲစိတ်ခံနေရသူများ၊ သွေးရောဂါရှိသောသူများအတွက် သွေးသည်အဓိကလိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်နှစ်တိုင်းသွေးအိတ်ပေါင်း(၂၃)သန်းကိုအသုံးပြုနေရကြောင်း၊ သွေးအလှူသည် အသက်အလှူဇီဝိတဒါနဖြစ်ပြီး ဇီဝိတဒါနဖြစ်ရန်အတွက် အဓိကလိုအပ်ချက်ကတော့ Voluntary Unpaid Blood Donor (မိမိဆန္ဒအလျောက် အခကြေးငွေလက်ဆောင်မယူသည့်စေတနာသွေးလှူရှင်များ) ဖြစ်ကြောင်း၊ ထားဝယ်မြို့တွင် Best Friends စေတနာရှင်၊ မုဒိတာ၊ ရင်ခုန်သံ၊ ကာယဗလ၊ တောရှည်၊ သံဃာတော်များစသည့်အဖွဲ့များက စေတနာသွေးလှူရှင်များစုဆောင်း မွေးထုတ်ပေးနေသည်ဟု သိရသည့်အတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ ကမ္ဘာ့သွေးအလှူရှင်များ၏ ဆောင်ပုဒ်" Donating blood isan act of solidarity, join the effort save lives" နှင့်အညီ ထားဝယ်သွေးလှူရှင်များသည် ရှေးနှစ်ပေါင်းများစွာမှ ယနေ့ထိတိုင်အောင် စေတနာသန့်သန့်ဖြင့် မိမိနှလုံးသွေးကို ဖောက်ထုတ်လှူဒါန်းပြီး အသက်ပေါင်းများစွာကို အသက်ဆက်ကယ်တင်ပေးခဲ့ကြကြောင်း၊ ယခုခေတ်လူငယ်များအနေဖြင့်လည်း လက်ဆင့်ကမ်းတာဝန်ယူကာစေတနာသန့်သန့်ဖြင့် သွေးကောင်းသွေးသန့်များ လှူဒါန်းခဲ့ကြပြီး အသက်ပေါင်းများစွာကို ကယ်တင်ပေးခြင်းဖြင့် ထားဝယ်သွေးသမိုင်းဂုဏ်ကို အရင်ကာလများထက်ပေါက်မြောက် အောင်မြင်စေရန်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်အထူးကုဆရာဝန် (ရောဂါဗေဒ) ဒေါက်တာစန်းစန်းဝင်းက သွေးလှူရှင်များ သိသင့်သည့် အကြောင်းအရာများအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများက (၁၃၅)ကြိမ်မြောက်သွေးလှူရှင် ဦးညွန့်ရွှေနှင့်(၂၅) ကြိမ်နှင့်အထက် သွေးလှူရှင်(၅၁)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး သွေးအလှူရှင်များ ကိုယ်စား သွေးလှူရှင်ဦးညွန့်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)