ကျား၊ မရေးရာ(Gender)နှင့်ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

ပြည် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (Gender Based Violence-GBV) ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ် ( ၁)အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးနေသော လုပ်ငန်းများအား Powerpoint ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က (GBV)နှင့်ပတ်သတ်သည့် အနက်အဓိပ္ပါယ်၊ ကျား၊ မ အခြေခံသော အကြမ်းဖက်မှုအရ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ပေးမှု အခြေအနေများနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါဟောပြောဆွေးနွေးပွဲသို့ အထက(၁) Grade(10) နှင့် Grade(11) မှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

ကိုစိုး (ပြည်)